Thursday, March 6, 2014

မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေး

မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေး 

(သီတဂူဆရာတော်ကြီး ကိုယ်တိုင်ရေးသားသည်။) 


အပိုင်း(၁)


မြန်မာသီရိလင်္ကာ နှစ်နိုင်ငံတို့၏ ရင်းရင်းနှီးနှီး ဆက်ဆံရေးမှာ နှစ်ပေါင်း (၂၀၀၀) ကြာညောင်းခဲ့ပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးသည့်နောက် (၂၃၆)ခုနှစ်အကြာ မြန်မာနှင့် သီရိလင်္ကာသို့ ဗုဒ္ဓသာ သာနာသည် တစ်နှစ်တည်းမှာပင် ရောက်ရှိခဲ့ကြသည်။ ဓမ္မာသောကမင်းကြီး၏ သာသနာပြုအဖွဲ့ (mission) (၉)ဖွဲ့တို့တွင် သီရိလင်္ကာသို့ သွားသော သာသနာပြု အဖွဲ့၌ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တတို့ ခေါင်းဆောင်ခဲ့ကြသည်။ အရှေ့တောင်အာရှ သုဝဏ္ဏဘူမိဒေသသို့ ကြွသော သာသနာပြုအဖွဲ့တွင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးတို့ ဦးဆောင်တော်မူခဲ့ကြသည်။ မြန်မာနိုင်ငံတော် အောက်ပိုင်း ပုသိမ်၊ ပဲခူး၊ သထုံ ဒေသတို့ကို ထိုစဉ်က မွန်တို့၏ ရာမညတိုင်းဟု ခေါ်ခဲ့ကြသည်။ ဓမ္မာသောက၏ ကြွရာဒေသကို ခြုံမိ ငုံမိအောင် ပြောရလျှင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏ စူမတြာကျွန်းတစ်ဝိုက် မလေးရှားကျွန်းစုအားလုံးတို့ကို သုဝဏ္ဏဘူမိရွှေနိုင်ငံဟု ဆိုလျှင် ငြင်းခုံဖွယ်ရာမရှိပါ။ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အေဒီ (၂)ရာစုလောက်မှာမှ ဘာသာ ပြောင်းလဲသွားကြခြင်းဖြစ်သည်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်၏ စီမံလမ်းညွှန်ချက်အရ ဓမ္မာသောကမင်း လွှတ်လိုက်သော သုဝဏ္ဏဘူမိ သာသနာပြု အဖွဲ့သည် ဘင်္ဂလားပင်လယ်၊ မုတ္တမပင်လယ်သို့ဖြတ်၍ မြန်မာနိုင်ငံ ရာမညဒေသ သထုံမြို့သို့ စတင်ဝင်ရောက် သာသနာပြုကြခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ တနင်္သာရီကမ်းမြောင်ဒေသ တစ်လျှောက်ရှိ မွန်မြန်မာတို့သည် သီရိလင်္ကာနှင့်လည်းကောင်း၊ အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းဒေသ တစ်ခွင်နှင့်လည်းကောင်း ကူးလူးဆက်ဆံမှုရှိခဲ့ကြပြီးဖြစ်သည်။ အိန္ဒိယပြည် အရှေ့တောင်ပိုင်းဒေသ တိလင်္ဂန အရပ် တိလဂူ လူမျိုးတို့ ဘင်္ဂလားပင်လယ်အော်ဖြတ်၍ ဘီလူးကျွန်းဒေသများသို့ ရောက်ရှိလာခဲ့ကြရာ ထိုလူမျိုး တို့ကို (တေလင်္ဂန)မှ တလိုင်းဟု ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်း မြန်မာ့သမိုင်းပညာရှင်တို့ ခန့်မှန်းကြသည်။

သာသနာနှစ် (၄၅၀)တွင် သီရိလင်္ကာ၌ စတုတ္ထသင်္ဂါယနာတင်အပြီး ပိဋကတ်သုံးပုံကို ပေရွက်များပေါ်တွင် ရေးခဲ့ကြသည်။ ထိုပေရွက်တွင် သီဟိုဠ်အက္ခရာဖြင့် ရေးထားသော ပိဋကတ်သုံးပုံသည် သုဝဏ္ဏဘူမိ (ရာမည) ဒေသ မွန်ရဟန်းတော်တို့ ၏ စွန့်စားအားထုတ်မှုကြောင့် သထုံသို့ ရောက်နှင့်ခဲ့ပြီး ဖြစ်ပေ လိမ့်မည်။ သာသနာနှစ် (၁၅၀၀)ခန့် တွင် ပုဂံ အနော်ရထာမင်း သည် သထုံ ရာမညဒေသကို သိမ်းပိုက် အောင်မြင်သောအခါ ရာမည၌ ရောက်ရှိနေသော သီဟိုဠ် အက္ခရာ ရေး ပိဋကတ်သည် မြန်မာပြည်အလယ်ပိုင်း ပုဂံသို့ ရောက်ရှိလာခဲ့သည်။ အနော်ရထာမင်း သထုံကို မသိမ်းပိုက်မီကပင် အရှင်သောဏ၊ အရှင်ဥတ္တရတို့၏ အနွယ်ဖွား ပိယဒဿီ (ရှင်အရဟံ) အရှင်သူမြတ်သည် ထေရ၀ါဒသာသနာပြုခရီးအဖြစ် ပုဂံသို့ ကြွချီနှင့်ခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ဘင်္ဂလားနှင့် ချိုင်းနားဘက်မှ ဖြတ်သန်းဝင်ရောက်လာသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်နေရသော အနော်ရထာသည် ပိယဒဿီအရှင်မြတ်ထံမှ ထေရ၀ါဒဓမ္မကို ကြားနာရသဖြင့် ရာမညတိုင်း မွန်ဘုရင် မနုဟာ ထံမှ ပိဋကတ်ကို ပုဂံသို့ ပင့်ဆောင်လာ ခဲ့ခြင်းဖြစ်လေသည်။ နှစ်ပေါင်း (၁၀၀၀)ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသော ပိဋကတ်သုံးပုံ ပေစာများကို စတုတ္ထသင်္ဂါယနာတင် သီဟိုဠ်မူများနှင့် တိုက်ဆိုင်လိုသဖြင့် အနော်ရထာမင်းသည် ဥတ္တရဇီဝမထေရ်နှင့် ရဟန်း သာမဏေများကို သီရိလင်္ကာနိုင်ငံသို့ လွှတ်တော်မူခဲ့လေသည်။ ပရက္ကမဗာဟု မင်းသုံးဆက်တို့တွင် ပထမပရက္ကမ ဗာဟုမင်းကြီးသည် အနော်ရထာမင်းကြီးလွှတ် လိုက်သော ဥတ္တရဇီဝမထေရ် ခေါင်းဆောင်သည့် မြန်မာသာသနာပြုသံဃာတော်များအဖွဲ့ကို လေးစားမြတ်နိုးစွာ ကြိုဆိုသည်၊ ဧည့်ခံလုပ်ကျွေးသည်။ ဥတ္တရဇီဝမထေရ် ပုဂံသို့ ပြန်အကြွတွင် ပိဋကတ်သုံးပုံ ပေထုပ်အသစ်တစ်စုံ လှူဒါန်းလိုက်သည်။ သထုံပိဋကတ်နှင့် သီဟိုဠ်ပိဋကတ် များကို ညှိနှိုင်းတိုက်ဆိုင်ကြရာ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရကြရသည်။ ပုဂံတစ်ပြည်လုံး ကျောင်းတိုက်များ ပိဋကတ်သုံးပုံကို မြန်မာအက္ခရာ ပြောင်းလဲ၍ ပို့ချ သင်ကြား လာခဲ့ကြရာ ယနေ့တိုင်အောင် ဖြစ်သည်။ ဥတ္တရဇီဝမထေရ်၏ နောက်ပါတပည့် ရဟန်းသာမဏေ တို့တွင် ဆပဒသာမဏေကျော်သည် သီဟိုဠ်ကျွန်း အနုရာဓပုရမြို့ မဟာဝိဟာရကျောင်းတိုက်၌ ရဟန်းပြုသည်။ မဟာဝိဟာရကျောင်းတိုက်၌ ပိဋကတ်ကျမ်းဂန်များကို သင်ယူသည်၊ ထို ဆပဒ ရဟန်းတော်သည် သီဟိုဠ်သံဃာလေးပါးနှင့်အတူ ပုဂံပြည်သို့ပြန်လာရာ ပုဂံပြည်၌ သီဟိုဠ်သံဃာဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ သီရိလင်္ကာ၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ စီးပွားရေး စစ်ရေး နိုင်ငံရေး စသည်ဖြင့် ဆက်ဆံသည့်ဆက်ဆံမှုမျိုးမဟုတ်ဘဲ သာသနာရေး သာသနာမှုနှင့် ရင်းနှီးစွာ ဆက်ဆံသည့် နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်သည်။



အပိုင်း(၂)

နရပတိစည်သူမင်းလက်ထက် သီဟိုဠ်ကျွန်းသို့ ချစ်ကြည်ရေးခရီး ကြွရောက်ခဲ့လေသည်။ သီဟိုဠ်ဘုရင် ပရက္ကမဗာဟု မင်းကြီးက ဇကားသား ဘုရားဆင်းတုတော်များ လက်ဆောင်ပေးခဲ့ လေသည်။ သာသနိက ပစ္စည်းများ အပြန်အလှန် လက်ဆောင်ပေးခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး မှာ တိုးတက်ခဲ့လေသည်။ အင်းဝဘုရင် မိုးညှင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ သံဃာတော် များ ဓာတ်တော်များကို ပင့်ဆောင်လာရာ၌ မိုးညှင်းမင်းတရားထံ ဆက်သကြရာ မိုးညှင်းမင်းတရား က ထိုဓာတ်တော်များကို ဌာပနာ၍ စစ်ကိုင်းဘက်တွင် စေတီပုထိုး တည်ထားခဲ့ကြသည်။ ထို့အပြင် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလက်ထက် သီဟိုဠ်မင်းများက ဓာတ်တော်များ ဆက်သကြရာ စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထား ခဲ့ကြသည်။ သီဟိုဠ်ကျွန်း မဟိယင်္ဂဏ အရပ်မှ သံဃာတော်များသည်လည်း ဓာတ်တော်များ ပင့်ဆောင်၍ မြန်မာနိုင်ငံသို့ ကြွတော်မူ ခဲ့ကြရာ မြန်မာမင်းများက ထိုဓာတ်တော်များကို လက်ခံပြီး စစ်ကိုင်းဘက်တွင် စေတီပုထိုးများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ စစ်ကိုင်းဘက်တွင် ရှိသော ထူပါရုံစေတီ၊ မဟိယင်္ဂဏစေတီ (မရှိခဏ)၊ မဟာစေတီ (ဆင်များရှင်)တို့မှာ သီဟိုဠ်မင်းအဆက်ဆက်တို့က သီဟိုဠ်သံဃာတော်များကို မြန်မာမင်းများထံ လွှတ်၍ ဘုရားဓာတ်တော်များ ဓမ္မလက်ဆောင် ပေးရာမှ ဖြစ်ပေါ်လာသော စေတီတော်များ ဖြစ်ကြသည်။ ရာဇမဏိစူဠာဟူသော ကောင်းမှုတော် စေတီတော်ကြီးမှာ သီဟိုဠ်ဘုရင်တို့ ပေးပို့သော ဓာတ်တော်ကြုပ်၏ ပုံစံအတိုင်း တည်ထားခြင်း ဖြစ်သည်။ သီရိလင်္ကာ မင်းအဆက်ဆက်တို့၏ လက်ဆောင်ပဏ္ဏာတို့ကို ဌာပနာသွင်းပြီး သီရိလင်္ကာနိုင်ငံ၏ ဗိသုကာလက်ရာယဉ်ကျေးမှုပုံစံအတိုင်း မြန်မာမင်းအဆက်ဆက်တို့ စစ်ကိုင်းတွင် တည်ထားခဲ့ကြသော ထူပါရုံစေတီ၊ ဆင်များရှင်စေတီ၊ မဟိယင်္ဂဏ ခေါ် မရှိခဏ စေတီ၊ ရာဇမဏိစူဠာ ခေါ် ကောင်းမှုတော်စေတီ အစရှိသည့် စေတီတော်ကြီးတို့မှာ သီရိလင်္ကာ မြန်မာ နှစ်နိုင်ငံသာသနာရေး ချစ်ကြည်ရင်းနှီးမှု၏ အထိမ်းအမှတ် မှတ်တိုင်ကြီးများ ဖြစ်ကြပါသည်။ အေဒီ (၁၆)ရာစုတွင် ထူးခြားသော စစ်ရေးလက်ဆောင် မှတ်တမ်းတစ်ခု ရှိသည်ကို တွေ့ရပေသည်။ ထို (၁၆)ရာစုနှစ် များတွင် သီရိလင်္ကာနိုင်ငံ၌ ဓမ္မပါလအမည်ရှိ ဗုဒ္ဓဘာသာ ဘုရင်ကို တမီးလ်သူပုန်တွေက ၀ိုင်းဝန်းတိုက်ခိုက်ကြသဖြင့် ရာမညဘုရင် ဘုရင့်နောင် မင်းတရားကြီးထံ စစ်ကူတောင်းခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသည်။ ဘုရင့်နောင်မင်းကြီးက ရာမညပြည့်ရှင်ထံသို့ သင်္ဘောငါးစင်းဖြင့် စစ်သား (၇၀၀၀) စစ်ကူပို့၍ ဓမ္မမင်းဘက်က ကူညီတိုက်ခိုက်ပေးခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး လွှတ်လိုက်သော စစ်တပ်တွင် တပ်မှူးကြီး စန္ဒသူရိယနှင့် ရာဇဗညားတို့ ခေါင်းဆောင်၍ မိစ္ဆာဒိဋ္ဌိ မင်းတို့ကို အပြတ်အသတ် ကူညီ နှိမ်နင်းပေးခဲ့သည်။

မိစ္ဆာဒိဋ္ဌိမင်းတို့သည် စစ်ရှုံးသောအခါ လက်နက်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ကြသည်။ ဤအချက်မှာ သာသနာရေးအတွက် စစ်ရေး အကူပေးခြင်းဖြစ်သည်။ အမရပူရမြို့ နန်းတည် ဘိုးတော်မင်းတရားလက်ထက် သီဟိုဠ်ကျွန်းသာသနာညှိုးမှိန်၍ ဆုတ်ယုတ်ခဲ့သဖြင့် သီဟိုဠ်မှ သံဃာတော်များ အမရပူရမြို့တော်သို့ ရောက်ရှိလာကြပြီး မောင်းထောင်သံဃာ့ရာဇာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံကြလျက် သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူကြရာ အမရပူရမှ ဗမာသံဃာ တော်များစွာသည် လိုက်ပါကြွသွားတော်မူခဲ့ကြသည်။ ထိုအမရပူရသံဃာတော်တို့ သီဟိုဠ်ပြန် ရောက်၍ သိမ်အသစ်သမုတ်ခါ ရဟန်းအသစ် ပြုတော်မူကြသဖြင့် အမရပူရ နိကာယကို သီဟိုဠ် တွင် အေဒီ (၁၇၈၀)ခန့်က စတင်ခဲ့ကြလေသည်။ ဗုဒ္ဓသာသနာနှစ် ၂၀၀၂- ခုနှစ်၊ ခရစ်နှစ် ၁၄၇၆-ခုနှစ်များတွင် ရာမညတိုင်း ဟံသာဝတီမြို့တော် (ပဲခူး)၌ ဓမ္မစေတီမင်း မင်းပြု၏၊ ထိုမင်း မင်းပြုခိုက်တွင် ရာမညတိုင်း၌ ဗုဒ္ဓသာသနာ အထူးညှိုးမှိန်ပျက်စီးလျက်ရှိသည်ဟု မှတ်တမ်းများက ဆိုသည်၊ ထို့ကြောင့် ဓမ္မစေတီမင်းတရားသည် မွန်သံဃာတော် (၂၂)ပါးတို့ကို သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။ ထိုစဉ် သီဟိုဠ်ကျွန်း၌ ဘုဝနေကဗာဟု အမည်ရှိသောမင်း မင်းပြုလေ၏။ ရာမည ရဟန်းတော် (၂၂)ပါးတို့သည် ဘုဝနေကဗာဟုမင်း၏ အထောက်အပံ့တို့ဖြင့် မဟာဝိဟာရ ၀ါသီ ထေရ၀ါဒသံဃာတော်တို့က ကမ္မ၀ါစာရွတ်ဖတ်တော်မူကြ၍ ကလျာဏီမြစ် ရေသိမ်တွင် ရဟန်း အသစ် ပြုတော်မူကြသည်။ ထိုကလျာဏီရာမညရဟန်းတော်တို့ ဟံသာဝတီသို့ ပြန်ရောက်လျှင် သိမ်အသစ် သမုတ်တော်မူကြသည်။ သီဟိုဠ်ကျွန်းကလျာဏီမြစ်မှာရဟန်းခံသော ထိုရဟန်းတို့ သမုတ်ခဲ့သည့်သိမ်ကို ကလျာဏီသိမ်ဟု ယနေ့တိုင် ခေါ်ဆိုလေသည်။ ရာမညတိုင်း တစ်ခွင်၌ ကလျာဏီသိမ်ပွားပေါင်း (၃၄၇) လုံးတို့ကို သမုတ်တော်မူခဲ့ကြသည်။ ပဲခူး ကလျာဏီ သိမ်ကြီးမှာ အသစ် အသစ်ဖြစ်ကြကုန်သော ကလျာဏီရဟန်းတော် အပါး (၁၅၆၆၆) ပါး ရှိခဲ့လေ သည်။ ထို့ကြောင့် ထိုကလျာဏီနွယ်ဖွား သံဃာတော်များကို ကလျာဏီနိကာယဟု ခေါ်လိုက ခေါ်ဆိုနိုင်ပေသည်။ သီရိလင်္ကာ ဘုဝနေကဗာဟုမင်းနှင့် မဟာဝိဟာရ၀ါသီ သံဃာတော်တို့၏ ရာမညတိုင်း၌ သာသနာတော်ကို ထောက်ပံ့ပေးခြင်း၏ သမိုင်းမှတ်တိုင်သည် ပဲခူးကလျာဏီ သိမ်ကြီးပင်ဖြစ်သည်။ သီရိလင်္ကာသံဃာတို့သည်လည်း ရာမညတိုင်း ဟံသာဝတီရှိ ကလျာဏီ သိမ်မှာ ရဟန်းပြု၍ သီဟိုဠ်ကျွန်းသို့ ပြန်ကြွတော်မူသည့် အရေအတွက်မှာလည်း မြောက်များစွာ ပင်ဖြစ်သည်။ သို့သော် သီဟိုဠ်ကျွန်း၌ ရာမညနိကာယကို တရားဝင်တည်ထောင်ခြင်း ပြုတော် မမူကြသေးပါ။ သာသနာတော်နှစ်(၂၃၅၀)တွင် သီဟိုဠ်ကျွန်းမှ သံဃာ့ရာဇာ ဂုဏရတန တိဿမထေရ်ခေါင်းဆောင်သော သံဃာတော်ငါးပါးတို့ ဟံသာဝတီ ကလျာဏီသိမ်မှ ရဟန်းသစ်ပြုတော်မူကြသည်။ ရာမညသံဃာ့ရာဇာက ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးတော်မူလိုက်ကြ သည်။ ဂုဏရတနတိဿမထေရ်နှင့် သံဃာတော်တို့ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လျှင် ကလျာဏီ ၀ံသနိကာယဟု သီဟိုဠ်ကျွန်း၌ တည်ထောင်ခဲ့သည်ကို မှတ်တမ်းတွင် တွေ့ရသည်။ ထို့နောင် တစ်ကွဲပြီး တစ်ကွဲ သီဟိုဠ်သံဃာတော်များ ပဲခူးကလျာဏီသိမ်မှာ ရဟန်းပြုကြရာ ရဟန်း (၃၅၀)ခန့် ရှိခဲ့လေသည်။ ဤသမိုင်းမှတ်တမ်းကို ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓင်္ကရရေးသား သည့် သာသနသမ္ပတ္တိဒီပနီကျမ်းမှာ အသေးစိတ် ဖော်ပြထားပါသည်။ ထိုသံဃာ့ဂိုဏ်းသည် ရာမညဂိုဏ်းပင်ဖြစ်သော်လည်း ရာမညဂိုဏ်းဟု တရားဝင်မကြေငြာပဲ ကလျာဏီဝံသနိကာယ ဟု ကြေငြာခဲ့ပါသည်။ သာသနာနှစ် (၂၃၉၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ ပိဋကတ် ကျွမ်းကျင်တတ် မြောက်သော သရဏင်္ကရမထေရ်သည် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်မန္တလေးမြို့၌ မင်းတုန်းမင်းတရားကြီး နန်းစံလျက်ရှိသည်။ သီဟိုဠ်ရဟန်းတော် သရဏင်္ကရကို မင်းတုန်းဘုရင်ကြီးက ပစ္စည်းလေးပါးထောက်ပံ့၍ ဒုတိယ မောင်းထောင်သာသနာပိုင် ဉေယျဓမ္မာ ဘိဝံသ မထေရ်ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့အနီး ဧရာဝတီ ရေသိမ်တွင် ရဟန်းသစ်ပြုပေးခဲ့ သည်။ မောင်းထောင်သံဃာ့ရာဇာက ထိုသရဏင်္ကရမထေရ်၏ အမည်ကို အမ္ဗဂဟကုရုဝတ္တေ ဣန္ဒာသဘသာမိဝရဉာဏဟု နာမည်သစ် ပေးတော်မူသည်။ သို့သော် ထိုမထေရ်သည် မန္တလေးမှာ မင်းတုန်းမင်းတရားနှင့် မောင်းထောင်သံဃာ့ရာဇာတို့ထံမှာ ရဟန်းခံပြီး ရာမညတိုင်း ဟံသာဝတီ ပဲခူးမြို့သို့ ရောက်သွားပြန်သည်။ ရာမညတိုင်း ပဲခူးမြို့၌ ရာမညသံဃာ့ရာဇာ ရာဇဂုရု မေဓာနန္ဒာကို ဥပဇ္ဈာယ်ပြု၍ ရာမညတိုင်း ကလျာဏီသိမ်၌ ရဟန်းသစ် ထပ်မံ၍ ခံယူခဲ့ပြန်လေ သည်။ မန္တလေးမှာ သံဃာ့ရာဇာထံ ၀င်ပြီး၊ ရာမညတိုင်း ဟံသာဝတီ ပဲခူးမှာ ၀င်ပြီး မြန်မာ့သံဃာ့ ရာဇာနှင့် ရာမညသံဃာ့ရာဇာထံမှာ ရဟန်းပြုခဲ့သော သရဏင်္ကရမထေရ်နှင့် သီဟိုဠ်သံဃာတော် အဖွဲ့သည် သာသနာနှစ် (၂၄၀၆) ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ပြန်ကြွတော်မူကြသည်။

သာသနာနှစ် (၂၄၀၉)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ ရာမညနိကာယကို တည်ထောင်လိုက် ပြီ ဟု တရားဝင်ကြေငြာလိုက်လေသည်။ သီရိလင်္ကာနှင့် မြန်မာ သာသနာရေး ဆက်ဆံမှု မိတ်ရင်း ဆွေရင်း ပီသမှုမှာ ဤမျှလောက် ရိုင်းပင်းမှု အားကောင်းခဲ့လေသည်။ ယနေ့ (၇-၉-၂-၁၃) နေ့မှာ
ထိုရာမညဂိုဏ်းတည်ထောင်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း (၁၅၀) ပြီးမြောက်ခဲ့လေသည်။

  
(၃-နိဂုံးပိုင်း)


သီဟိုဠ်ကျွန်းရောက် မွန်မြန်မာနွယ်ဖွား ရာမညသံဃာတော်တို့၏ နှစ် (၁၅၀)ပြည့်ပွဲတော် နှင့် တိုက်ဆိုင်၍ သီရိလင်္ကာဗုဒ္ဓဘာသာ လေ့လာရေးအသင်း (SLABS) ကြီးက ဗုဒ္ဓဘာသာ လေ့လာရေး သုတေသန ညီလာခံကြီးကို သုံးရက်တိုင်တိုင် ကျင်းပခဲ့လေသည်။ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ၊ မြန်မာ၊ ကိုရီးယား နိုင်ငံတို့မှ သုတေသန ပညာရှင်ပေါင်း (၁၀၆) တက်ရောက်၍ စာတမ်းပေါင်း (၁၀၂) ဖတ်ကြားခဲ့သည်။ အခမ်းအနားဖွင့်သောနေ့၌ သီတဂူဆရာတော်နှင့် Hon.Jagath Balasuriya, Minister of National Heritage က Keynote Speech သော့ချက် မိန့်ခွန်းများကို မိန့်ကြားခဲ့ကြသည်။ သီတဂူဆရာတော်၏ အတ္ထုပ္ပတ္တိကို Prof.G.A Somaratne က ဖတ်ကြားခဲ့သည်။ ထိုအစည်းအဝေးကြီးတစ်ခုလုံးကို အင်တိုက် အားတိုက်လှုပ်ရှားသူမှာ Colombo တက္ကသိုလ်မှ Prof. Asanga Tilakaratane ဖြစ်သည်။ အလွန်အံ့သြဖွယ်ကောင်းသော Section အခန်းတစ်ခုမှာ ပါဠိဘာသာဖြင့်ရေး၍ ပါဠိဘာသာဖြင့် ဟောပြောဆွေးနွေးသော အခမ်းအနားပင်ဖြစ်သည်။ အခမ်းအနားမှူးဆရာတော်သည် ဖတ်ကြား မည့် စာတမ်းအကြောင်းနှင့် စာတမ်းဖတ်သူများကို ပါဠိဘာသာဖြင့် ကြေငြာသည်။ ပါဠိဘာသာ စာတမ်းငါးခု တင်သွင်းရာတွင် စာတမ်းရှင် သုံးဦးတို့က စာတမ်းကို ရေး၍ ဖတ်ကြားသော်လည်း စာတမ်းရှင် နှစ်ဦးတို့က စာရွက်မပါဘဲ အလွတ်ပြောသွား လေသည်။

( မှတ်ချက်။ ။ ယနေ့ခေတ် သီဟိုဠ်ဘာသာစကား သီဟိုဠ်သူ သီဟိုဠ်သားတို့၏ အမည်နာမများတွင် အများစုမှာ ပါဠိဘာသာစကားများဖြစ်ကြသည်။ )

သီဟိုဠ်နိုင်ငံ၏ အတိတ်သာသနာရေးသမိုင်းကို ပြန်လည်၍ လေ့လာလျှင် ပါဠိစာပေ၏ အခန်းကဏ္ဍမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် အထွတ်အထိပ်ရောက်ခဲ့သည်ကို တွေ့ရပေ သည်။ မဟိန္ဒမထေရ် အရိဋ္ဌမထေရ်တို့ နှုတ်ဖြင့် သယ်ဆောင်လာခဲ့သော ပိဋကတ်တော်များကို သာသနာနှစ် (၄၅၀)တွင် သီဟိုဠ်ရဟန်းတော်တို့ ပေပေါ်၌ သံကညစ်ဖြင့် ရေးသားခဲ့ကြလေသည်။ ပေပေါ်မှာ ရေးပြီးသည့်နောက် ပါဠိဘာသာဖြင့် အဋ္ဌကထာကျမ်းကြီးများကို ပြုစုခဲ့ကြလေသည်။ ထို ရှေးဟောင်း အဋ္ဌကထာကြီးများမှာ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရီ အဋ္ဌကထာ၊ မဟာအဋ္ဌကထာ ဟူ၍ ရှင်မဟာဗုဒ္ဓဃောသက သူ၏အဋ္ဌကထာအသစ်၌ မကြာမကြာ ကိုးကားသည်ကို တွေ့ရ သည်။ ယခုမျက်မှောက်ခေတ်၌ ထိုရှေးဟောင်း မဟာအဋ္ဌကထာကြီးများ၏ အမည်မျှကိုသာ ကြား ရ၍ ကျမ်းရင်းကိုမူ မမြင်ဖူးတော့ချေ၊ သာသနာနှစ် (၈၀၀) ကျော်တွင် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့ ပြုစုတော်မူသော အဋ္ဌကထာများမှာ ထိုရှေးဟောင်းအဋ္ဌကထာကျမ်းကြီးတို့၏ အနှစ်ချုပ်မျှသာ ဖြစ်လေသည်။ ထို့ပြင် နိကာယ်ငါးရပ် ဋီကာကျမ်းကြီးများကိုလည်း ရှင်အာနန္ဒာ ရှင်သာရိပုတ္တရာ ရှင်ဓမ္မပါလ အစရှိသော သီဟိုဠ် ပါဠိပညာရှိ ဆရာတော်ကြီးများက သာသနာနှစ် (၉၀၀)ကျော်တွင် ရေးသားတော်မူခဲ့ကြလေခြင်းဖြစ်လေသည်။ ရှင်မဟာဗုဒ္ဓဃောသ၊ ရှင်ဓမ္မပါလ၊ အိန္ဒိယပြည်ဖွား အိန္ဒိယတောင်ပိုင်းသား ပါဠိပညာရှင် နှစ်ပါးတို့ သီဟိုဠ်ကျွန်းသို့ ကူးလာခဲ့ကြရာ သာသနာနှစ် (၉)ရာစုတွင် ဗုဒ္ဓသာသနာမျိုးစေ့ ကြဲချ စိုက်ပျိုးရာလည်း ဖြစ်၊ ပင်စည်နှင့် အသီး အပွင့်တို့ ဝေေ၀ဆာဆာ သီးပွင့်ရာလည်းဖြစ်သော အနုရာဓမင်းနေပြည်တော်၌ အိန္ဒိယဘက်မှ ကူးဝင် လာသော မဟာယာနဂိုဏ်းကွဲအချို့ရောက်နှင့်နေပြီးဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် ရှင်မဟာဗုဒ္ဓဃောသနှင့် ရှင်ဓမ္မပါလတို့သည် သီဟိုဠ်၌ ထေရ၀ါဒ ပိဋကတ်တော်ကို လေ့လာရာ၌ ကျောင်းတိုက်ကို ရွေးချယ်တော်မူခဲ့ကြရလေသည်။ မဟာယာန ဂိုဏ်းတို့၏ သြဇာအာဏာ လွှမ်းမိုးခြင်းအောက်သို့ ရောက်နေခဲ့ကြရသော မဟာဇေတ၀န ကျောင်းတိုက်၌ မဟာအဘယဂိရီ ကျောင်းတိုက်တို့ကို ရှောင်ကွင်း၍ မဟာဝိဟာရ ကျောင်းတိုက်ကို ၀င်ရောက်တော်မူခဲ့ကြလေသည်။ မဟာဝိဟာရကျောင်းတိုက်ကြီး၏ အလယ်ဗဟိုချက်၌ ဒုဋ္ဌဂါမဏိမင်းကြီး၏ မဟာစေတီတော်ကြီး တည်ရှိလေသည်။ ရှင်မဟာဗုဒ္ဓဃောသက မဟာဝိဟာရကျောင်းတိုက်၌ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို ရေးလိုက်သောအခါ ဇေတ၀နကျောင်းတိုက်မှ ၀ိမုတ္တိမဂ္ဂကျမ်းကို အပြိုင်ရေးတော်မူလေသည်။ သီဟိုဠ်ကျွန်း သာသနာ့သမိုင်း တစ်လျှောက်လုံး၌ မဟာဝိဟာရကျောင်းတိုက် မထေရ်အဆက်ဆက်တို့၏ အယူဝါဒကို ထေရ၀ါဒဟု မိန့်တော်မူကြသည်။ ယနေ့ အနုရာဓမြို့တော်ဟောင်း၌ မဟာစေတီ၊ ဇေတ၀နစေတီ၊ အဘယဂိရိစေတီတော်တို့ကို လှည့်လည်ဖူးမြှော်သောအခါ ကျောင်းတိုက်ကြီး သုံးခုတို့၏ နယ်မြေချင်း စပ်လျက် တည်ရှိနေပုံတို့ကို ကြည့်သောအခါ မန္တလေးမြို့ တောင်ပြင်က အသောကာရာမတိုက်၊ ဘုရားကြီးတိုက်၊ ထီးလင်းတိုက်၊ မြင်းဝန်တိုက်များကဲ့သို့ နီးနီးစပ်စပ် တည်ရှိနေဟန်ကို တွေ့ရပေသည်။ ပါဠိဘာသာဖြင့် အဋ္ဌကထာ ဋီကာကျမ်းကြီးတို့ကို ပြုစုတော်မူခဲ့ ကြကုန်သော ထိုရှေ့ဆောင် သီဟိုဠ်ထေရ်အရှင်မြတ်ကြီးတို့၏ စာသံ၊ ပေသံတို့သည်လည်း ထိုစဉ်က ဘ၀ဂ်တိုင်အောင် ဆူညံခဲ့ကြဟန် ရှိသော်လည်း ယနေ့မြင်တွေ့ရသော အနေအထားမှာ သစ်တောအုပ်ကြီးတို့၏ အကြားအကြားဝယ် ပြန့်ကျဲ၍ နေသော ကျောင်းတိုက်ကြီးတို့၏ အုတ်ကျောက် အတုံးအရုံးများ နှစ်ပေါင်း (၂၅၀၀) နီးပါးခန့်က သဘာဝဘေးဒဏ် စစ်ဘေး စစ်ဒဏ်တို့ကို ကြံ့ကြံ့ကြီး သည်းခံတော်မူ၍ သီတင်းသုံးတော်မူ ကြကုန်သော စေတီတော်ကြီးတို့ကို ဖူးမျှော်ရင်းဖူးမျှော်ရင်း အထူးပင်ကျေးဇူးကြီးမားတော်မူ ကြသည့် သာသနာ့သမိုင်းဝင် ကျေးဇူးရှင် ဆရာတော်ကြီးများကို လွမ်းဆွတ်ဦးညွတ်ခယတသ မိပါသည်။

သီရိလင်္ကာနိုင်ငံ အနုရာဓပုရမြို့၊ ပေါလာနရုဝမြို့ တစ်ခွင်လှည့်လည်သော သီတဂူ သုတေသနခရီးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္န ဓာတ်တော် (၇)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော ညှပ်ရိုးတော်ဓာတ် နှစ်ဆူ ကိန်းဝပ်ရာ ထူပါရာမစေတီတော် (ထူပါရုံ) ကို ဖူးမြင် ဦးတင်ရသည့်အခါ အင်းဝဘုရင် နရပတိမင်း၏ ထူပါရုံစေတီတော်ကြီးကို အနုရာဓထူပါရုံအတိုင်းပင် ထူပါရုံ၏ မူရင်းအတိုင်းဖြစ်အောင် ပြင်ဆင်မည်ဟု စိတ်ညွတ်မိလေသည်။ မြတ်စွာဘုရားကြွရောက်၍ သီတင်းသုံးတော် မူခဲ့ရာ မဟိယင်္ဂဏသို့ ရောက်သောအခါမှာလည်း စစ်ကိုင်းက မဟိယင်္ဂဏကို သီဟိုဠ်ကျွန်း မူရင်းမဟိယင်္ဂဏနှင့် ထပ်တူဖြစ်အောင် တည်ဆောက်ခဲ့ကြလျှင် ကောင်းမည်ဟု စဉ်း စားခဲ့လေသည်။ မြတ်စွာဘုရား သိဟိုဋ္ဌ်ကျွန်းသို့ကြွစဉ် ဆွမ်းဘုန်းပြီး ကလျာဏီမြစ်မှာ ရေသုံးသပ်တော်မူ၍ မုတိယင်္ဂဏာ အရပ်မှာ သမာပါတ်ဝင်စားကာ နေ့သန့်တော်မူသည်။ ထိုမုတိယင်္ဂကာ စေတီတော်ကို ဖူးရသည်မှာ ဖူးမ၀နိုင်အောင် ရှိလေသည်။ ပဲခူး ကလျာဏီမြစ်အနားက ကလျာဏီစေတီတော်ကို ဖူးမြင်ရသော်လည်း ပဲခူး ကလျာဏီသိမ်အနီးမှာ အဘယ့်ကြောင့် ကလျာဏီစေတီမရှိရသနည်း ဟု စဉ်းစားဖြစ်လေသည်။

သီဟိုဠ်ကျွန်းတောင်ပိုင်း တိဿမဟာဂါမသို့ ရောက်သွားသောအခါ တိဿမဟာရာမ စေတီတော်ကြီးကို ဦးတင်ရန် ဖူးမြင်ပါသည်။ စေတီတော်ကြီးမှာ တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်သည်။ ကောင်းမှုတော်ကြီးပမာဏရှိပါသည်၊ ကောင်းမှုတော်ကြီးနှင့်မတူ ထူးခြားသည်မှာ ရေပူပေါင်းပုံရှိသော ထူပါပေါ်၌ လေးထောင့်တိုက် ဟမ္မိက (စတုဂဗ္ဘ) ကို တည်ဆောက်ပြီး ထိုဟမ္မိကခေါ် ဓာတ်တော်တိုက်အပေါ်၌ ကျောက်ထီး တစ်ဆယ့် သုံးချက်ကို ထိစပ်အောင် ထပ်လျက် တင်လှူပူဇော်ထားသည်။ အပေါ်၌ ထီးအထွတ်ကဲ့သို့သော အထွတ်တစ်ခု တင်ထားသည်။ စေတီတော်ကြီးကို ဘုရင်ဂ၀ံတိဿ မင်းတည်ထားသည်ဟု သမိုင်းရေးထိုး ထားသည်။

မှတ်သားဖွယ်အထူးမှာ မြတ်စွာဘုရား၏ အသမ္ဘိန္နဓာတ်တော် နဖူးသင်းကျစ်ရိုးကို ဌာပနာသွင်း၍ ပူဇော်ထားသည်ဟု ဆိုလိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံခန်းကို ဖွင့်ဆို ရေးသားထားသော သုတ်မဟာဝါ အဋ္ဌကထာ ဋီကာတို့နှင့် စွယ်တော်လေးဆူတို့၏ ကြွရာကိုသာ ဖော်ပြထားပြီး နဖူးသင်းကျစ်အရိုးတို့၏ ကြွတော်မူရာကို ဖေါ်ပြထားခြင်း မရှိချေ။ ဤနဖူးသင်းကျစ် ဓာတ်တော်တို့ ဤတိဿမဟာရာမသို့ မည်သို့ မည်ပုံ ရောက်လာပါသနည်း ဟု စဉ်းစားရင်း သုတေသနပြုခြင်းလုပ်ငန်း၏ လိုအပ်ပုံနှင့် အဖိုးတန်ပုံကို တွေးတောမိလေသည်။

ဤတစ်ခေါက် သီဟိုဠ်ကျွန်း၌ ကျင်းပခဲ့သည့် ဗုဒ္ဓကျမ်းစာ သုတေသနစာတမ်းဖတ်ပွဲသို့ အရှင်ပညာသီဟာ လင်္ကာရ Ph.D,ဓမ္မာစရိယ၊ အရှင်ဓမ္မိက M.A, ဓမ္မာစရိယ၊ အရှင်ဝိသုတ M.A ဓမ္မာစရိယ၊ သီတဂူ မောင်ကျော်ဆန်းဝင်း (ဓာတ်ပုံမှတ်တမ်း)၊ သီတဂူ မောင်ထိန်လင်းဦး (ဗွီဒီယိုကင်မရာမှတ်တမ်း) (၉)ရက်ခရီးကို လာရောက်ကြခြင်းဖြစ်ပါသည်။

(၀၇-၀၉-၂၀၁၃) ညနေပိုင်း (၇)နာရီအချိန်၌ Napana Pemanand Mahathero ရာမညဂိုဏ်းချုပ် မဟာနာယက သံဃရာဇာက သီတဂူဆရာတော်အား သမ္မုဒ္ဓသာသန ကိတ္တိသိရီပါဝစန ၀ိသာရဒ ဘွဲ့တံဆိပ်ကို အခမ်းအနားဖြင့် ချီးမြှင့်တော်မူသည်။
သီတဂူဆရာတော်အား ဂုဏ်ပြုသည့် အခမ်းအနားကို သီဟိုဠ်ဆရာတော် (၅)ပါးနှင့် ၀န်ကြီးတစ်ပါးတို့က မိန့်ခွန်းပြောကြားတော်မူခဲ့ကြသည်။ သီတဂူဆရာတော်က သင်္ကန်းခြောက်စုံ၊ ဘုရားသုံးဆူ ရွှေပြည်တန် သင်္ကန်း (၂၀) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာအုပ် တစ်စုံတို့ကို ပေးအပ် လှူဒါန်းခဲ့ကြသည်။ သီရိလင်္ကာနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးမျိုးမဟုတ်၊ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဓမ္မနှင့် ပတ်သက်၍ နှစ်ပေါင်း (၂၀၀၀)နီးပါးက နှစ်နိုင်ငံ အပြန်အလှန် အားပေးကူညီစောင့်ရှောက်ခဲ့သော ချစ်ခင်ရင်းနှီးမှု Dhamma Friendship ဖြစ်ပါသည်။

နေနှင့်လတို့ ဤကမ္ဘာမှာ တည်ရှိသမျှကာလပတ်လုံး သီရိလင်္ကာ မြန်မာ ဆက်ဆံရေး ဖြစ်ထွန်းတည်ရှိပါစေဟု ဆုတောင်းပါသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ။

““သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”” 


သီတဂူဆရာတော်
ဒေါက်တာအရှင်ဉဏိဿရ (Ph.D,D.Ltt)
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

   
ဦးနရပတိ ဆရာတော် facebook စာမျက်နှာမှတဆင့်  ကူးယူတင်ပြသည်။

ပင်လယ်စာ စားရင် သတိထားသင့် 

   ပင်လယ်စာ စားရင် သတိထားသင့်


ပင်လယ်ထွက် အစားအစာ (ပင်လယ်စာ) များအနက် အဆိပ်အတောက် ဖြစ်နိုင်သည့် အစာ မြောက်များစွာ ရှိ၏။ ယခင်က ဆိုလျှင် ပင်လယ်ထွက် အစားအစာများကို ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူ များသာ စားသောက်လေ့ ရှိကြ သဖြင့် ပင်လယ်စာကြောင့်အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများ အတွက် ပြဿနာဖြစ်ခဲ့၏။  သို့သော်ခေတ်မီ နည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီ ဖြစ်ရာ ပင်လယ်နှင့် ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ် ပေသည်။ ပင်လယ်စာ(Sea Foods)များ ကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စား လာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။

ပင်လယ်စာကိုအစားများသည့် ဂျပန်နိုင်ငံတွင် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် အစာ အဆိပ်သင့်မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရှိကြောင်း သိရသည်။ ပင်လယ်စာများကို တင်သွင်း စားသုံးနေကြသည့်ကုန်းတွင်း နိုင်ငံများ၌လည်းပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုများ တစထက်တစ များပြားလာနေကြောင်း သိရ ပါသည်။ ပင်လယ်စာ များကြောင့်အစာအဆိပ်သင့်ခြင်း ဖြစ်ရာတွင်အဓိကနည်းသုံးမျိုး ရှိလေသည်။

(၁) ပထမနည်းမှာ ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိနေသော မစားကောင်းသည့် ပင်လယ်ငါး သို့မဟုတ်-ပင်လယ် သတ္တဝါကို စားမိခြင်း ဖြစ်သည်။ စားမိလျှင် အဆိပ်ဖြစ်ရန် သေချာ၏။ မစားကောင်းသည့် ပင်လယ်သတ္တဝါ၊ မစားကောင်းသည့် ပင်လယ်ငါးတို့ကို ခွဲခြားသိရှိထားခြင်းဖြင့် အဆိပ်မသင့်အောင် ကြိုတင်ကာကွယ်နိုင် ပါသည်။ အချို့သော ပင်လယ်သတ္တဝါများ၊ ပင်လယ်ငါးများသည် မိမိ၏ခန္ဓာကိုယ် တစ်နေရာတွင် အဆိပ်အတောက်ကို ကိုယ်တိုင် ထုတ်လုပ်၏။ သို့သော် အဆိပ်ထုတ်လုပ်သည့် ကလီစာ (Organ)ကို ဖယ်ထုတ်ပြီး အသားကိုစားလျှင်အန္တရာယ် မရှိပေ။ ထိုအချက်ကို မသိဘဲစားလျှင်မူ အဆိပ်သင့်မည်ဖြစ်၏။ ထိုအဆိပ်မျိုးသည် အပူပြင်းပြင်း ပေး၍ ချက်ပြုတ်လိုက်လျှင် ပြေပျောက်သွားတတ် ပါသည်။

(၂) ဒုတိယနည်းမှာ လူတို့ စားသုံးသည့် ပင်လယ်ငါး၊သို့မဟုတ်- ပင်လယ် သတ္တဝါသည် ပင်ကိုသဘာဝ အားဖြင့် စားကောင်းသော အစာ ဖြစ်၏။ အဆိပ်မရှိပေ။ သို့သော်ပင်လယ်ရေထဲ၌ အဆိပ်အတောက် ရှိသည့် ပင်လယ်ရေညှိ (Marine Algae) ကဲ့သို့ အမှုန်အမွှား သက်ရှိ ကောင်ကလေးများ (Micro-organisms) ရှိနေသည်။ယင်းကဲ့သို့ ပင်လယ် သတ္တဝါ (ဥပမာ-ခရု၊ ပင်လယ်ငါး)တို့ကို စားသုံးမိပြီး၊ ခရု၊ပင်လယ်သတ္တဝါတို့ကို လူတို့က တဖန် စားသုံးခြင်းဖြင့်အဆိပ်အတောက် များသည် လူတို့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအဆိပ်မျိုးကြောင့် ဖြစ်ရသည့် အစာအဆိပ်သင့်မှုမျိုးကို ကာကွယ်ထိန်းသိမ်းရန်ခက်ခဲ၏။ အကြောင်းမှာ မည်သည့်ဒေသမှ ပင်လယ်ရေညှိများက အဆိပ်အတောက် ဖြစ်စေနိုင်သည်ဆိုသည်ကို ကြိုတင်၍ မသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းတို့ကို ပင်လယ်ငါးနှင့် ပင်လယ် သတ္တဝါမျိုးစုံတို့က စားသုံးကြ ခြင်းဖြစ်ရာ ဘယ်လိုငါးမျိုး၊ ဘယ်လို ခရုမျိုးကိုစားလျှင် စိတ်ချရသည်။ ဘယ်လိုငါးမျိုး ဘယ်လို ခရုမျိုးကို စားလျှင် စိတ်မချရဟု ကြိုတင် တွက်ဆဖို့လည်း မလွယ်ပေ။ ပင်လယ်စာ တမျိုးတည်းက တရာသီတွင် အဆိပ်သင့်မှုများ ဖြစ်စေပြီး နောက် တရာသီတွင် အဆိပ်သင့်မှု မဖြစ်စေနိုင်ခြင်းက ကြိုတင် ကာကွယ်မှုပြုလုပ်ရန် ခက်ခဲစေပြန်၏။ ဤနည်းဖြင့် အဆိပ်သင့်နေသည့် ပင်လယ်သတ္တဝါတို့၏ အသားကို အပူပြင်းပြင်းနှင့် ချက်ပြုတ်သော်လည်းအဆိပ်အတောက်များ ပြေပျောက် မသွားတတ်ချေ။ အစာအိမ်ထဲ ရောက်သွားလျှင်လည်း အစာခြေ အင်ဇိုင်း (Digestive Enzymes)များက ထိုအဆိပ်အတောက်များကို မခြေဖျက်နိုင်ပြန်ပေ။ ဤအဆိပ်သင့်နည်းမှာ ဖြစ်ပွားလေ့ အရှိဆုံးနှင့် ကာကွယ်ရန်အခက်အခဲဆုံးနည်း ဖြစ်ပေသည်။

၃။ပင်လယ်စာကြောင့် အဆိပ်သင့်နိုင်သည့် နောက်တနည်းမှာ အစာထားသိုမှု စနစ်မကျခြင်း၊ သန့်ရှင်းမှု မရှိခြင်း တို့ကြောင့် အစာထဲတွင် ဗက်တီးရီးယား (Bacteria) ပိုးများပေါက်ဖွားပြီး အဆိပ်များ ထုတ်လုပ်ကြခြင်း ဖြစ်၏။ ဗက်တီးရီးယား များမှ ထုတ်လုပ်သည့်အဆိပ်များကို အစာခြေအင်ဇိုင်း (Digestive Enzymes) များက မဖျက်ဆီးနိုင်၊ တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့်လည်း ပျက်စီးမသွားတတ်ပေ။ အပူရှိန်ပြင်းပြင်းနှင့်ချက်ပြုတ်မှသာ ပျက်စီးသွားနိုင် ပါသည်။

(၁) ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် ပင်လယ်ငါးနှင့် ရေသတ္တဝါများ---

လွန်ခဲ့သောနှစ်ပေါင်းများစွာ (ဘီစီ-၂၀၀၀၊ ၃၀၀၀ခန့်) ကပင် တရုတ်ပြည်၌ ငါးပူတင်း(Pufferfish) စားခြင်းကြောင့်အစာ အဆိပ်သင့်ခြင်းများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများရှိခဲ့ပါသည်။ ယနေ့ တိုင်အောင်လည်း ငါးပူတင်းကြောင့် အစာအဆိပ်သင့်ခြင်းများ ရှိနေဆဲပင်ဖြစ်၏။ အဆိပ်ကို ငါးပူတင်း၏ အသည်း၊ အူ၊ အရေပြား၊မ-မျိုးဥအိမ် (Ovary) နှင့်ဥများတွင်တွေ့ ရသည်။ ငါးပူတင်း မျိုးပေါင်း မြောက်များစွာ ရှိရာ အမျိုးအစား အားလုံးတွင် အဆိပ်ရှိသည်ဟု မဆိုလိုပေ။ အချို့ အမျိုးအစားများ မှာသာ အဆိပ်တွေ့ရ လေသည်။ ငါးပူတင်း မျိုးပေါင်း ၃၀-ခန့်အနက် ၂၈-မျိုးသည် တရုတ်နှင့် ဂျပန်ပင်လယ်ပြင်တွင် ကျက်စားနေပြီး အဆိပ်အပြင်းဆုံး ငါးပူတင်းများ ကိုလည်း ထိုဒေသများ မှာပင် တွေ့ရသည်။ အဆိပ်ပြင်းသည့် ငါးပူတင်းမျိုးများသည် စား၍လည်း အရသာ အရှိဆုံးဖြစ်ကြ ပြန်၏။ ဂျပန်နိုင်ငံတွင် အဆိပ်ပြင်းသည့်ငါးပူတင်းများသည် ပင်လယ်၌ ပျော်သည့် ပင်လယ်ငါးများသာဖြစ်ကြပြီး တရုတ်နိုင်ငံတွင်မူ ယင်းတို့သည် ဥချချိန်၌ မြစ်ချောင်းများ အတွင်းသို့ နယ်ကျူးကာ ရောက်ရှိ လာတတ်ကြသည်။ ငါးပူတင်းများသည် နွေရာသီတွင် အဆိပ် အနည်းဆုံးဖြစ်ပြီး ဆောင်းရာသီတွင် အဆိပ်ပိုများကာ ဥချချိန် မတိုင်မီ မိုးဦးရာသီတွင် အဆိပ်အပြင်းဆုံး ဖြစ်သည်ဟု ဆိုပါသည်။

ငါးပူတင်းအဆိပ်သင့်သူသည် မိနစ် အနည်းငယ်အတွင်း ခြေဖျားလက်ဖျား၊ နှုတ်ခမ်းနှင့်လျှာတွင် ထုံခြင်း၊ တရွရွဖြစ်ခြင်း တို့ကို ခံစားရတတ်သည်။ အချို့တွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊  ဝေဒနာများခံစားကြရ၏။ အချိန်ကြာလာသည့် အခါ အာရုံကြောနှင့် ကြွက်သားများ အားနည်း လာပြီး  နောက်ဆုံးတွင်အသက်ပင် မရှူနိုင်တော့ပဲ သေဆုံးရတတ်လေသည်။

 ငါးပူတင်းကဲ့သို့ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် အခြားပင်လယ် သတ္တဝါများ ရှိနေပါသေးသည်။ ယင်းတို့မှာ ငါးမန်း (Shark) မျိုးနွယ် ငါးအချို့၊ ငါးပုပ်သင် (Mackerel) မျိုးနွယ်ငါးအချို့၊ ငါးလင်ပန်း (Lamprey) မျိုးနွယ် ငါးအချို့၊ ငါးစာလုပ် (Squid) မျိုးနွယ် ငါးအချို့၊ ရေဘဝဲ (Octopus) မျိုးနွယ် သတ္တဝါအချို့နှင့် လိပ်မျိုးနွယ်စု အချို့တို့ ဖြစ်ကြပါသည်။

(၂) အဆိပ်ရှိသည့် ပင်လယ်ရေညှိကို စားသည့် ငါးနှင့် ရေသတ္တဝါ များကြောင့် အစာအဆိပ်သင့်ခြင်း။
(က) ခရု (Shellfish) စား၍ အဆိပ်သင့်ခြင်း---
အဆိပ်ရှိသည့်ပင်လယ်ရေညှိ (Toxic Marine Algae) များကို စားသုံးထားသော ခရုများကို စားမိလျှင် ထိုသူကိုယ်တိုင် အဆိပ်သင့်ခြင်းအန္တရာယ်ကို ကြုံတွေ့ရမည် ဖြစ်သည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းနှင့်ကယ်လီဖိုးနီးယား အလယ်ပိုင်းမှ ဂျပန်နိုင်ငံထိ ပစိတ်ဖိတ်သ မုဒ္ဒရာကမ်းရိုးတန်း၊ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာကမ်းရိုးတန်း၊ ဂျပန်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို တွေ့ရှိရပါသည်။

ထိုအဆိပ်သင့်ခြင်းမျိုးတွင်အာရုံကြောများ အားနည်းခြင်း၊ အကြောသေခြင်း တို့သည် အဓိကလက္ခဏာများ ဖြစ်၏။ အဆိပ်သင့်ထားသည့် ခရုကိုစားပြီးမိနစ်အနည်းငယ်အတွင်း နှုတ်ခမ်း၊ လျှာနှင့် လက်ထိပ် ကလေးများတွင် ထုံကျဉ်မှု ဝေဒနာကို စတင်ခံစားရ တတ်သည်။ထို့နောက် ခြေထောက်၊ လက်ဖျံ၊ လက်မောင်း၊ လည်ပင်းတို့ပါထုံကျဉ်လာပြီး ခြေလက်လှုပ်ရှားမှု များလည်း မူမမှန်တော့ပဲ ဒယိမ်းဒယိုင်ဖြစ်လာ တတ်သည်။ သို့သော် လူနာသည်သတိကင်းလွတ်သွားခြင်း မရှိတတ်ချေ။ နောက်ဆုံးတွင် လူနာသည် အသက်မရှူနိုင်တော့ပဲ ၂-နာရီမှ ၁၂-နာရီအတွင်းသေဆုံးရလေတော့၏။ အဆိပ်သင့်ပြီး ၂၄-နာရီအထိ မသေဆုံးခဲ့ လျှင်မူ အသက်ရှင်ရန်အခွင့်အရေး ပိုများလေသည်။

ခရုစား၍အဆိပ်သင့်ခြင်းသည် ၁၉၇၃-ခုနှစ်အထိ ပဟေဠိသဖွယ် ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာစားသုံးခဲ့ပြီး အန္တရာယ် တစုံတရာ မပေးခဲ့သော ခရုမျိုးကိုပင် စားမိသူများ အဆိပ်သင့်ကြရ၏။ ထိုခရုများကို ရက်သတ္တ သုံးပတ် ကာလအတွင်း စားသူတိုင်းအဆိပ်သင့်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝအဆိပ်မဖြစ်တော့ပြန်ပေ။ ၁၉၇၃- ခုနှစ်ရောက်မှသာ အဖြစ်မှန်ကိုသိကြရလေသည်။ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH  စသည့်ပတ်ဝန်းကျင် အခြေအနေများ သင့်တင့်လျောက်ပတ်သည့် အချိန်တွင် ထိုရေထဲ၌ အဆိပ်ရှိသည့် ပင်လယ်ရေညှိများ ပေါက်ဖွား ရှင်သန်ကြသဖြင့် ထိုရေညှိများကို စားသုံးမိသည့် ခရုများကြောင့် အစာအဆိပ် သင့်ကြခြင်း ဖြစ်၏။

 ရက်သတ္တသုံးလေးပတ်ခန့် ကြာသည့်အခါ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH စသည့် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားပြီး ပင်လယ်ရေညှိများသေကုန်ကြသဖြင့် ခရုများလည်း အဆိပ်အတောက် ကင်းသွားကြ ပြန်တော့သည်။ ခရုများသည် ပင်လယ်ရေညှိ၏ အဆိပ်ကို ခံနိုင်ရည် ရှိကြ သော်လည်း ခရုကိုစားသုံးသည့်လူများကိုယ်တိုင်မှာ ခံနိုင်ရည် မရှိဘဲ အဆိပ်၏ဒဏ်ကို ခံကြရခြင်း ဖြစ်လေသည်။

(ခ) ဂဏန်းများ (Crabs), ကမာကောင်များ(Oysters)---
ဂျပန်ပင်လယ် ရေပြင်မှ ဖမ်းဆီးရမိသောဂဏန်းအချို့သည်လည်း အဆိပ်သင့်စေနိုင်ကြောင်း  တွေ့ရှိထားပါသည်။ထိုဂဏန်းများသည် ခရုများကဲ့သို့ပင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို စားသုံး ထားခြင်းကြောင့် လူကို အဆိပ်သင့်စေခြင်း ဖြစ်နိုင်သည်ဟုဆိုပါသည်။ ဂျပန်နိုင်ငံ Hamana ပင်လယ်အော်မှ ကမာကောင် အချို့သည်လည်း ယင်းတို့ စားသုံးထားသည့် ပင်လယ်ရေညှိ များကြောင့် လူတွင် အစာအဆိပ်သင့် ရောဂါ ဖြစ်စေနိုင်ကြောင်းသိရပါသည်။ ထိုကမာကောင်များစား၍ အဆိပ်သင့်သူများသည် ပထမ ရက်အနည်းငယ်အတွင်း ဗိုက်နာခြင်း၊ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊  ခေါင်းကိုက်ခြင်းဝေဒနာများ ခံစားကြရပါသည်။ ထို့နောက် အရေပြားနှင့် အစာအိမ် စသည့် ကလီစာများ၏အမြှေးပါး (Mucous Membrane) တို့မှ သွေးများယိုလာပြီး နောက်ဆုံးတွင် အသည်းပျက်၍ (acute yellow atrophy of the liver) သေဆုံးရတတ်လေသည်။

(ဂ) ပင်လယ်ငါးများ---
အနောက်အင်ဒီးစ် West Indies) ဒေသတွင် ပင်လယ်ငါး အချို့ကို စားပြီးလူများ အစာအဆိပ်သင့်ခဲ့ကြောင်းကို ၁၅၅၅-ခုနှစ်လောက်ကပင် မှတ်တမ်းများ ရှိခဲ့လေသည်။ ထိုငါးများသည်ပင်ကိုသဘာဝ အတိုင်း အဆိပ်ရှိနေခြင်း မဟုတ်ဘဲ အဆိပ်ရှိသည့် ပင်လယ်ရေညှိများကိုစားထားခြင်းကြောင့်သာ လူကို အဆိပ်သင့်စေခြင်း ဖြစ်ကြောင်းအထောက်အထားများတွေ့ရပါသည်။ကရစ်ဘီယမ်ပင်လယ်နှင့် ပစိဖိတ် သမုဒ္ဒရာအတွင်း အထူးသဖြင့် မြောက်လတ္တီတွဒ် ၃၅-ဒီဂရီနှင့် တောင်လတ္တီတွဒ်၃၅-ဒီဂရီကြား ကျွန်းများ တွင်လည်း ဤသို့ အဆိပ်သင့်မှုများ ဖြစ်တတ်၏။ငါးအမျိုး အနွယ်စုပေါင်း ၃၀၀-ကျော်သည် ဤနည်းဖြင့်အဆိပ်သင့် နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထား ပါသည်။Ciguatera Poisoning ခေါ် အဆိုပါ အစာ အဆိပ်သင့်ခြင်း သည် ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုSeafood Poisoning များအနက်အကြီးမားဆုံး ကျန်းမာရေးပြဿနာဖြစ်ကြောင်း သိရှိရသည်။

Ciguatera Poisoning ခေါ် ပင်လယ်ငါးကြောင့် အဆိပ်သင့်ခြင်း၏လက္ခဏာများမှာ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ တရွရွဖြစ်နေရာမှ ထုံကျဉ်လာခြင်းဖြစ်၏။ တစ်တခါတစ်ရံ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားရတတ်သည်။နောက်ပိုင်းတွင် လမ်းမလျှောက်နိုင်သည်ထိ အားနည်းသွားတတ်၏။ အသက် သေဆုံးသည်ထိ ပြင်းထန်လေ့ မရှိသော်လည်း နှလုံးနှင့် သွေးလည်ပတ်မှုလုပ်ငန်း ပျက်ယွင်းသွား လျှင်မူ အသက်ဆုံးရှုံးမှုရှိနိုင်သည်ဟု သိရပါသည်။

(၃) ဗက်တီးရီးယားများကြောင့် ပင်လယ်စာ အဆိပ်သင့်ခြင်း---
ဗက်တီးရီးယားများကြောင့်ပင်လယ်အစာ အဆိပ်သင့်ခြင်း အမျိုးမျိုးရှိသည့်အနက်Clostridium Botulium ခေါ် ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းကို နမူနာထား၍ တင်ပြပါမည်။

Clostridium Botulinum အမျိုးအစား ငါးမျိုး ( A-မှ E ထိ) ရှိသည့်အနက် အမျိုးခွဲ (E)သည် အစာအဆိပ်သင့်မှု အများဆုံးဖြစ်စေသည့်ဗက်တီးရီးယားမျိုး ဖြစ်သည်။ အခြားအမျိုးကွဲများကြောင့် အစာအဆိပ်သင့်မှု  ဖြစ်တတ် သော်လည်း ရှားပါ၏။CI.Bitulinum သည် အကောင်ဘဝ  Vegetative Form နှင့် မျိုးအောင်းစေ့ဘဝSpore Form ဟူ၍ သဏ္ဍာန်နှစ်မျိုးဖြင့် တည်ရှိသည်။ မျိုးအောင်းစေ့များသည် မြေကြီးထဲ၌ ၄င်း၊ ပင်လယ်ကမ်းခြေ၊ ရေကန်များနှင့်မြစ်များ၏ ကမ်းတစ်လျှောက် နုံးမြေများထဲတွင်၎င်း ရှိနေကြ၏။ မျိုးအောင်စေ့များသည် ပတ်ဝန်းကျင် အပူချိန် ၃-ဒီဂရီမှ ၅-ဒီဂရီ စင်တီဂရိတ်အတွင်း၌ပင် အကောင်ဘဝသို့ ပြောင်းပြီးအဆိပ်များ ထုတ်လုပ်နိုင်သည်။ ၅-ဒီဂရီမှ ၃၀-ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်တက်လာလေအကောင်ပေါက်ရန် အခွင့်ပို၍ သာလာလေဖြစ်၏။ ထို့ကြောင့် ရေထွက်အစားအစာတိုင်းသည်CI.Botulinum ဗက်တီးရီးယားပိုးဝင်ရောက်ပြီး အစာ အဆိပ်သင့်မှုဖြစ်ရန် အန္တရာယ် အမြဲရှိနေသည်ဟု မှတ်ယူနိုင်ပါသည်။

ဤပိုးကြောင့်အစာအဆိပ်သင့်လျှင် ရောဂါလက္ခဏာများကို များသောအားဖြင့် အစာစားပြီး ၁၂-နာရီမှ ၃၆-နာရီအတွင်း စတင်၍ တွေ့ရလေ့ရှိ၏။ သို့သော် စားပြီး သုံးလေးနာရီအတွင်း စောစွာ တွေ့နိုင်သကဲ့သို့ စားပြီး၁၀၈-နာရီကြာမှ နောက်ကျစွာ တွေ့ရသည်လည်း ရှိသည်။ ယေဘုယျအားဖြင့် ရောဂါလက္ခဏာ စောစောပေါ်လေအဆိပ်ပြင်းလေဟု မှတ်ယူနိုင်၏။ ပျို့ခြင်း၊ အန်ခြင်း ဖြစ်ခဲ့လျှင် အန်လိုက်ခြင်းကြောင့် အဆိပ်သင့်မှု သက်သာသွားနိုင်သည်။

အဆိပ်၏အဓိကပစ်မှတ်မှာ အာရုံကြောနှင့် ကြွက်သားများဖြစ်၏။ မျက်လုံးကြွက်သားများ ထိခိုက်မှုကြောင့် အရာဝတ္ထု တစ်ခုကို နှစ်ခုကဲ့သို့ မြင်ရခြင်းသည် အဆိပ်သင့်ခြင်း၏ ကနဦး ဝိသေသ လက္ခဏာတရပ်ပင်  ဖြစ်သည်။ထို့နောက် မျက်ခွံများလေးလံ တွဲလာခြင်း၊ သူငယ်အိမ် ကျယ်လာခြင်း၊ လက်နှိပ်ဓာတ်မီးနှင့် မျက်စိကို ထိုးကြည့်သည့်တိုင် သူငယ်အိမ် မကျယ်တော့ခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်သည်။လက်ချောင်း ကြွက်သားများ ထိခိုက်သဖြင့် အစာမမျိုနိုင်ခြင်း၊ အသံဝင်ခြင်း၊ အစာနှင့်အရည်  များနှာခေါင်းနှက့်ပါးစပ်မှပြန်ထွက်လာခြင်း၊ လည်ပင်းကြွက်သားများ ထိခိုက်သဖြင့် ဦးခေါင်းကို မထောင်နိုင် ဇက်မခိုင်နိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ် ခံစားရတတ်၏။ နောက်ဆုံးတွင် အသက်ရှူသည့် ကြွက်သားများ အလုပ်မလုပ်တော့သဖြင့် အသက်ရှူရပ်ပြီး သေဆုံးရတတ် သည်။ နှလုံးကြွက်သားများ အလုပ်မလုပ်တော့ သဖြင့် နှလုံးရပ်ပြီး သေဆုံးရသည်လည်း ရှိ၏။ ဤအဆိပ်သင့် သဖြင့် သေဆုံးမှုနှုန်းသည်၆၅-ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါသည်။

E-အမျိုးအစားမဟုတ်သောCI.Botulinum ပိုးများနှင့်Staphylococcus Aureus ဗက်တီးရီးယားများသည်လည်းပင်လယ်စာ များတွင် တစ်ခါတစ်ရံ ဝင်ရောက်ပွားများပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ပင်လယ် စာကြောင့်  အစာ အဆိပ်သင့်မှု အန္တရာယ်လျော့ပါးစေခြင်း---
* မစားကောင်းသည့်ပင်လယ်စာများကို သိထားသင့်သည်။
* မည်သည့်ပင်လယ်သတ္တဝါများသည်မည်သည့်အင်္ဂါ (ကလီစာ) မှ အဆိပ်အတောက်များထုတ်လုပ်တတ်သည်ကို သိထားသင့်သည်။
ပင်လယ်စာ(အသားစိမ်း၊ ငါးစိမ်း) များကို
* အလွန်အေးသောအပူချိန် (ရေခဲခန်း)တွင်  သိမ်းဆည်းရမည်။
* ရေခဲခန်းမှထုတ်ပြီးလျှင် ချက်ပြုတ်ရန် ဟင်းအိုးထဲ မထည့်မချင်း ရေခဲသေတ္တာထဲ၌သာ ထားရမည်။
* အသား-ငါး အတုံးအတွင်းပိုင်းတွင် အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ် ကျော်သည်အထိမီးရှိန်ပြင်းပြင်းနှင့် ချက်ပြုတ်ရမည်။

ချက်ပြုတ်ပြီးပင်လယ်စားများကို ---
* မီးဖိုမှချပြီးပူပူနွေးနွေး စားသုံးသင့်သည်။
* ချက်ချင်းမစားသုံးဖြစ်လျှင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး မစားသုံးမီ (အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်ကျော်ထိ) ပြန်၍ အပူပေး (နွေး)ပြီးမှသာစားသုံးရမည်။
* ချက်ပြုတ်ပြီးသောအသားတုံး၊ ငါးတုံးများကို တုံး,တစ်,လှီးဖြတ်လိုလျှင်သားစိမ်းငါးစိမ်းများ လှီးဖြတ်သည့် စဉ်းတီတုံးကို အသုံးမပြုဘဲ သီးသန့်စဉ်းတီတုံးကိုသာ သုံးရမည်။
* တစ်နေ့စာလောက်ငှရုံ ချက်ပြုတ်စားသုံး သင့်သည်။ ပိုနေလျှင် နောက်တစ်နေ့စားရန် ချန်မထားဘဲ သွန်ပစ်ရမည်ဟု အကြံပြုလိုပါသည်။

ဒေါက်တာ-လှကြည်
မြိတ်ပုလဲမြေ 

 myanmarcnn.com   မှတဆင့် 

Monday, March 3, 2014

အလောင်းစည်သူမင်း တည်ထားတော်မူခဲ့ သော ဆင်ကြို့ သရက္ခာန်ဘုရားမှ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်

  မကွေးတိုင်းဒေသကြီး  ပခုက္ကူခရိုင် ရေစကြိုမြို့ နယ် ဆင်ကြို့ ရွာ အရှေ့ ကျောင်းရှိ  အလောင်းစည်သူမင်း  တည်ထားတော်မူခဲ့ သော လိုတရသရက္ခာန်ရွှေဂူ မြတ်စွာဘုရားကြီး၏ သြဝါဒစရိယ ဆရာတော်  ဘဒ္ဒန္တ ကစ္စာယန ဗုဒ္ဓရက္ခိတ အရှင်သူမြတ်သည်  သက်တော်(၈၀) ၊ သိက္ခာတော်(၆၀)အရ ၊၁၃၇၅ခု တပို့ တွဲလဆန်း(၈) ရက်(ဖေဖော်ဝါရီလ  (၇)ရက် ၊၂၀၁၄) သောကြာနေ့  နံနက်(၄)နာရီတွင် ဘဝနတ်ထံ စံမြန်းတော်မူရာ ၊ ယနေ့ အထိ ကြွင်းကျန်တော်မူသော ရုပ်ကလာပ်တော်သည်၊ ဆေးစီရင်ခြင်း
ပြုပြင်ခြင်း၊ မပြုလုပ်ရပဲ တောင့်တင်းခြင်း၊ပုတ်သိုးခြင်းမရှိ ပကတိ အသက်ရှင်တော်မူသည့်အလား ရှိနေတော်မူသည်သာမက ၊ဆံတော်များပါ ရှည်ထွက်လာကြောင်း၊ အသားအရည်မှာလည်း သက်တော်ရှိစဉ်က အလားဝင်းဝါစိုပြေလျှက်ရှိကြောင်း တပြည့် ဒါယကာ ၊ရဟန်းတော် များထံမှ သိရှိရပါသည်။ ယနေ့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်တွင် သာသနာတော် ထွန်းကားပြန့် ပွားလျှက်ရှိပြီး ရဟန္တာနှင့်  ပုဂ္ဂိုလ်ထူးများ ရှိနေသေးသည့် သက်သေသာဓကတရပ်ဖြစ်သည်။
        ဆရာတော်ကြီး၏ အန္တိမ ဈာပနကို၂၀၁၄ မတ်လကုန်တွင် ကျင်းပမည်ဖြစ်ရာ နောက်မကျမှီ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်၏ ကြွင်းကျန်တော်မူသော ရုပ်ကလာပ်တော်ကိုသွားရောက် ဖူးမြှော် ကြည်ညိုသဒ္ဓါပွားများနိုင်ကြပါရန်  တိုက်တွန်းနှိုးဆော်အပ်ပါသည်။
             ပခုက္ကူ မှကားဖြင့် သွားပါက ရေစကြိုမြို့ နယ်အ၀င်ဆိုင်းဘုတ်အကျော်တွင်ဘုရားလမ်းညွှန်မုခ်ဦးကိုတွေ့ ရပါလိမ့်မည်၊ ဆရာတော်ကြီး၏ရုပ်ကလာပ်
တော်ကို ပူဇော်ရင်းအလောင်းစည်သူမင်း  တည်ထားတော်မူခဲ့ သော  ဆင်ကြို့ သရက္ခာန်ဘုရား ကိုဖူးမျှော်နိုင်ကြပါသည်။မန္တလေး ၊မိတ္ထီလာ၊မုံရွာမြို့ များမှ နေချင်းပြန်သွားနိုင်ပြီး အလောင်းစည်သူ မင်းတရားကြီး တည်ထားတော်မူသော ပုခန်းကြီး၊ရှင်မတောင်၊ ရွှေတန့် တစ် စသည့် ကျန်ရှိသော ဆုတောင်းပြည့်  သရက္ခာန်ဘုရားသုံးဆူတို့ ကိုပါ အဓိဋ္ဌာန်ဖြင့်  နေ့ ချင်းပြီး ဖူးမျှော်ပူဇော်ပါက အဓိဋ္ဌာန် အောင်နိုင်ကြမည်ဖြစ်ပါကြောင်း သာသနာ့ အကျိုး  အများသူငှာအကျိုး အလို့ ငှာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ။
                  ဆရာတော် ဘဒ္ဒန္တ ကစ္စာယန ဗုဒ္ဓရက္ခိတ အရှင်သူမြတ်၏ထေရုပ္ပတ္တိကို ဆက်လက်ဖော်ပြပါမည်။
(ဦးဝင်းထွဋ္ဋ်ကျော်)