စပါး ယောင်ဆောင်သော မြက်ရိုင်း
(ဒေါင်းနွယ်ဆွေ)
ပေါက်ခါစတွင် ၊ ဤနှစ်ပင်သည်
အသွင်မခြား ၊ ဖွံ့ ဖွံ့ ထွားလျှက်
စပါးပင်နှင့်တူလှသည်။
နှစ်ပင်စလုံး ၊ မြရွက်ဖုံးကာ
ညှာတံစိမ်းစိမ်း၊ လေတွင်ယိမ်းလျှက်
အရွက်နုနု၊ ပေါ်စပြုရင်း
အလုအယက် ၊ မြေမှထွက်သည်
မြေပျက်ပင်လော မြက်ပင်လော။
မြက်ပင်ရိုင်းကား
စပါးဟန်ဆောင် ၊ ချွန်းချွန်းထောင်၍
နေရာင်ပလွှား ၊ ဝင့်ဝင့်ကြွားလည်း
ရက်များမကြာ ၊ နွမ်းဖျော့ ဝါလျှက်
အညှာလက်ညိုး ၊ အဆစ်ကျိုးခဲ့
အရိုးကိုင်းကိုင်း ၊ ညွတ်ညွတ်ဆိုင်းကာ
ပင်ရိုင်းမြေမှာ ၊ ဝပ်တွားလာမှ
မြက်ဇာတိရုပ် ပေါ်တော့သည် ။
ထိုအခါတွင် ၊ စပါးပင်ကား
မြေပြင်ထဲမှ ၊ အားမာန်ထ၍
မြင့်ကြွပင်စည် ၊ ရွှေရည်ဆွတ်လူး
စပါးဖူးနှံ ၊ မိုးသို့ ပျံလျှက်
လူ့ တွက်ကျေးဇူး ၊ စားဦးရိက္ခာ
သီးမှည့်လာခဲ့။
မြေမှာဝပ်တွား ၊ မြက်ရိုင်းများမူ
ကြွက်ဖား, အစာ ၊ ဝပ်ကျင်းရှာသည်
အိပ်ရာခန်းဗွေ ၊ ဖြစ်ခဲ့ လေငြား
စပါးကိုပြိုင် ၊ မနိုင်လေဘု
နေရာလုလည်း
အတုအယောင်သာပင်တည်း ။
ဓါတ်ပုံ ..Google မှ
